MSMEs Products ဒေသတွင်း ပြပွဲနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်ခြင်း(မန္တလေးမြို့)


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိအားကစားကွင်း၌ ၂၃.၂.၂၀၁၈ မှ ၂၅.၂.၂၀၁၈ ထိ ပထမအကြိမ် အငယ်စား၊ အသေးစားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ၏ဒေသထွက်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပမှု အခြေအနေများ

 


 

MSMEs Productsဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲ(ပထမအကြိမ်)၊ မန္တလာသီရိအားကစားကွင်း၊ မန္တလေးမြို့

 

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ဦးဆောင်မှုဖြင့်စက်မှုဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်း၍ MSME (Micro, Small & Medium Enterprise) လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ရင်းနှီးမြုပ်နှံမှု Production Cycle စဉ်ဆက်မပြတ်လည်ပတ် ပြီးစီးပွားရေးဖွံ့ဖြိုးမှုအားကောင်းလာစေရန်၊ အခြားသူများ၏ ထုတ်ကုန်အရည်အသွေး၊ တီထွင်ဆန်းသစ်မှုများကိုလေ့လာနိုင်ရန်နှင့် MSME များ ၏ထုတ်ကုန်သစ်များ ကို စားသုံး သူများနှင့် မိတ်ဆက်ပေးနိုင်ရန်၊ ထုတ်လုပ်မှုမှ ကုန်သွယ်မှုအထိလုပ်ငန်းစဉ် တစ်လျောက် အတွင်းလိုအပ်ချက်များကိုပိုမိုနားလည်ဆန်းစစ်အဖြေရှာနိုင်စေရန်၊ လုပ်ငန်းရှင်အချင်းချင်းမှ ဒေသအချင်းချင်းပိုမိုပူးပေါင်းချိတ်ဆက်၍ ကုန်သွယ်မှုဖွံ့ဖြိုးသောအခွင့်အလမ်းနှင့် အကျိုး ကျေးဇူး များကိုသိမြင်ဆောင်ရွက်လာစေရန်၊ SME များ၏ ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအားကုန်သွယ်မှုတိုးတက်မြင့်မားစေရေးအစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် SMEs များနီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Trade Promotion မှ International Market အတွင်းသို့ လွယ်ကူစွာဝင်ရောက်နိုင်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိအားကစားကွင်း၌ (၂၃.၂.၂၀၁၈) ရက်နေ့မှ (၂၅.၂.၂၀၁၈) ရက်နေ့ အထိပထမအကြိမ်အငယ်စား၊ အသေးစားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ၏ဒေသထွက်ကုန်ပြပွဲနှင့်ပြိုင်ပွဲကိုစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

 

             အဆိုပါဖွင့်ပွဲအခမ်းအနားသို့နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ၊ စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Dr. သန်းမြင့်၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊အဖွဲ့ အစည်းများနှင့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ပါသည်။

             ဒေသထွက် ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးထွက်ရိုးရာအစားအစာနှင့် ကုန်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်သုံးပစ္စည်းများ၊ လျှပ်စစ်နှင့် IT နည်းပညာသုံးပစ္စည်းများပြသသည့် ပြခန်းများစသည်ဖြင့်ပြခန်းပေါင်း (၁၇၀) ကျော် ပါဝင်ပြသရောင်းချခဲ့ပြီးပြပွဲအထူးအစီအစဉ်အနေဖြင့် ဟောပြောပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ ချေးငွေရရှိရေးသိကောင်းစရာများ၊ အသိပညာပေးခြင်းအစီအစဉ်များလည်းပါဝင်ပါသည်။   

          

             အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိပြိုင်ပွဲဝင် MSMEs Products များအား Regional Award ဆုရွေးချယ်ရေးအဖွဲ့မှ ဆုချီးမြှင့်ရေးအမှတ်ပေးစည်းမျဉ်းများနှင့်အညီပြိုင်ပွဲဝင် Micro လုပ်ငန်း (၂၀) ဦး၊ Small လုပ်ငန်း (၁၅) ဦးနှင့် Medium လုပ်ငန်း (၄) ဦးတို့အား (၂၄.၂.၂၀၁၈) ရက်နေ့တွင် စိစစ်ရွေးချယ် ဆောင်ရွက်ခဲ့ပြီး Micro အဆင့်မှာပထမ(၁)ဦး ၊ဒုတိယ(၁)ဦး ၊တတိယ(ပူးတွဲ)(၂)ဦး၊ Smallအဆင့်မှာပထမ(၁)ဦး ၊ဒုတိယ(၁)ဦး ၊တတိယ(၁)ဦး၊Medium အဆင့်မှာပထမ(၁)ဦး ၊ဒုတိယ(၁)ဦး ၊တတိယ(၁)ဦး၊စုစုပေါင်းဆုရရှိသူ(၁၀)ဦးကိုလည်းပထမဆု (၅) သိန်းကျပ်၊ ဒုတိယဆု (၃) သိန်းကျပ်၊ တတိယဆု (၂) သိန်းကျပ်တို့ဆုချီးမြှင့်ခဲ့ပါသည်။

      

 


MSMEs Productsဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း (မကွေးမြို့)


မကွေးတိုင်းဒေသကြီး၊ မကွေးပန်းခြံ၌ ၂၄.၃.၂၀၁၈ မှ ၂၆.၃.၂၀၁၈ ထိ ဒုတိယအကြိမ် အငယ်စား၊ အသေးစားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ၏ဒေသထွက်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပခဲ့ခြင်း

 


 

         ၂၀၁၈ ခုနှစ်၊ မတ်လ (၂၄၊ ၂၅၊ ၂၆)နေ့များတွင် ဒုတိယအကြိမ်အဖြစ် မကွေးမြို့ပန်းခြံတွင် မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့မှ MSME များ ပါဝင်သော ပြခန်းပေါင်း (၁၅၀)၊ ပြိုင်ပွဲဝင်ပေါင်း (၃၆)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပါသည်။

     

         MSMEs Product ဒေသတွင်း ပြပွဲနှင့် Regional Award ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်းလွယ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်    ဝန်ကြီးများ၊  စက်မှုဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်၊   စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ UMFCCI ဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ   ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ လက်လီစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ခဲ့ပါသည်။

    

           ၂၄-၃-၂၀၁၈ ရက်နေ့  နေ့လည် (၁၂: ၃၀) မှ (၁၆: ၃၀) အထိ မကွေးမြို့ မြို့တော်ခန်းမ၌ စက်မှုဝန်ကြီး ဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင်များ အတွက် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတစ်ခုကိုလည်း ကျင်းပခဲ့ရာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုးမှ အမျိုးသားပို့ကုန် မဟာဗျူဟာ နှင့်ချိတ်ဆက်၍ ဒေသထွက်ကုန် SME ဖွံဖြိုးတိုးတက်ရေး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးစိုးနိုင်က စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ပတ်သတ်သည့် အစား အစာများ အန္တရာယ်ကင်းရှင်းရေး အခြေခံအဆောက်အအုံများအကြောင်း၊ Matrix Institute မှ ဒေါ်စိုပြည်ဉာဏ်က Financial Literacy Project အကြောင်း၊ မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်းမှ ဒေါ်လှလှနှင်းက ခေတ်မီ လက်လီစျေးကွက်အခွင့်အလမ်းအကြောင်း စသည်တို့ကို ရှင်းလင်းတင်ပြခဲ့ကြရာ တက်ရောက်လာသူများအနေဖြင့် ကုန်ထုတ်ရောင်းချမှု တိုးတက်ရေးဆိုင်ရာ အသိအမြင် ဗဟုသုတများ ရရှိခဲ့ကြ ပါသည်။   

          ပြခန်းများမှ စလင်းမြို့နယ်၊ ဝက်သည်းကန်အတွင်းမှ ပဒုမ္မာကြာရိုးများမှ ကြာချည်ကို ထုတ်ယူပြီး အင်းလေးဒေသသို့ ကုန်ကြမ်းအဖြစ်ပေးပို့ကာ ရောင်းချခြင်းဖြင့်အခြေအနေကို နိုင်ငံတော် အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ပြည်သူများ မြင်တွေ့နိုင်ရေး လက်တွေ့ ထုတ်လုပ်ပြသ ခဲ့ပါသည်။ ကြာချည်အကြမ်း ထုတ်လုပ်မှုမှ ချည်ခင်များ ရရှိသည်အထိ ထုတ်လုပ်ပြသခဲ့ပြီး ဈေးကွက် ချိတ်ဆက်နိုင်ခဲ့သည့်အတွက် ပြသသူ၊ ကြည့်ရှုသူ နှစ်ဦးနှစ်ဘက်လုံး လွန်စွာ ဗဟုသုတရရှိပြီး အကျိုးများခဲ့ပါသည်။

          လူငယ်များ၏တီထွင် ဆန်းသစ်မှုပညာဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရန် ရည်ရွယ်၍  နည်းပညာ တက္ကသိုလ်မှ နောက်ဆုံးနှစ်(စက်မှု) ကျောင်းသားများ၏ Water Cooler Project ကို ပြသထားရှိပါသည်။

          မကွေးတိုင်းဒေသကြီး လူငယ်ကွန်ယက်မှ ဖန်တီးထုတ်လုပ်သည့် ဝါးလက်မှု အနုပညာ ထုတ်ကုန်များ ကို ပြည်သူလူထုအား ချပြနိုင်သည့်အပြင် စျေးကွက်အတွင်း အောင်မြင်စွာ ဝင်ရောက်နိုင်သည့် အခွင့်အလမ်း ရရှိခဲ့ပါသည်။ ထပ်မံမှာယူသူ များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

          စေတုတ္တရာမြို့ (ချင်းဒေသ)မှ သဘာဝအတိုင်း ခြောက်သွေ့ထားသည့် မျှစ်ခြောက်၊ ငါးခြောက်၊ နှင့် ဓါတုဆေးဝါး မပါဝင်သည့် မျှစ်ချဉ်များကိုလည်းပြသပေးခဲ့ရာ ရောင်း မလောက်သည် ထိ ဈေးကွက် အောင်မြင်မှု ရရှိခဲ့ပါသည်။

          မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (မကွေး)မှ မသန်စွမ်းသူတစ်ဦးဖန်တီးထုတ်လုပ်သည့် မြန်မာ အမျိုးသမီးအင်္ကျီတွင် အလှတပ်ဆင်သည့် ပန်းကြယ်သီးများမှာ လက်ရာ သေသပ်လှပသည့်အတွက် ပြပွဲတွင် ပစ္စည်းအားလုံးကုန်အောင် ရောင်းချခဲ့ရပြီး စက်ချုပ်ဆိုင်များမှ လည်း လာရောက် ချိတ်ဆက်ခဲ့ပါသည်။

         အမေထွား ပဲဆီသန့်၊ စိုး ဆီစက်၊ ဦးဘရင် ဆီစက်၊ ရွှေယာမြေ ဆီစက်၊ ရိုးရာ မြေပဲဆီသန့် (သစ်သားဆုံဆီ)၊  ငွေဇင်ယော် ဆီသန့်၊ ကောင်းသန့် ဆီစက် စသည့် ဆီစက်များမှ လာရောက်ပြသ ရောင်းချ ကြပါသည်။ သဘာဝဆီသန့်များ၏ ကျန်းမာရေးအရ ကောင်းကျိုးကို လာရောက် လေ့သာသူများ သိရှိခွင့်ရရှိ ပါသည်။

         ပဲမျိုးစုံတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် လ္ဘက်နှင့်တွဲဖက်စားသည့် ပဲကြော်၊ ပဲလှော်၊ နှမ်းလှော် မျိုးစုံ၊ ပဲယို နှမ်းယို၊ တို့ဟူးမှုန့်၊ မြေပဲဆားလှော်၊ ပဲမှုန့်မျိုးစုံတို့ကို လာရောက်ပြ သရောင်းချကြပါသည်။

          ဂျပန်နည်းပညာဖြင့်ထုတ်လုပ်ထားသော အလွန်နူးညံ့သည့် အဆင့်မြင့် ဆန်မှုန့်ဖြင့် ကိတ်မုန့်များ၊ ဂျုံခေါက်ဆွဲ၊ ဆန်ခေါက်ဆွဲတို့ကို ပြသရောင်းချကြပါသည်။

         မှိုကို တန်ဖိုးမြှင့်စားသောက်ကုန်သာမက အလှကုန်များထိ ထုတ်လုပ်ရောင်းချနိုင်ကြောင်း ဗဟုသုတ ရဖွယ်ရာ တွေ့ရှိရပါသည်။

         စလေမြို့မှ ဇီး/ မန်ကျည်းဖျော်ရည် လုပ်ငန်းများသည် FDA လက်မှတ်ရရှိထားပြီး၊ ISO လက်မှတ် ရရှိရန် ကြိုးစားနေဆဲဖြစ်ကာ အောင်မြင်ပြီး လုပ်ငန်းများဖြစ်သော်လည်း လာရောက်ပြသခြင်းဖြင့် ပြည်သူ များ၏ အကြံဉာဏ်၊ ဝေဖန်မှု(Feedback) များကို ရရှိပြီး လိုအပ်ပါက ပြုပြင် ဆောင်ရွက်သွားရန်၊ အချင်းချင်း လေ့လာပြီး အားသာချက်၊ အားနည်းချက် များရှာဖွေရန်၊ စျေးကွက်ပိုမိုချဲ့ထွင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် လာရောက်ကြရာ ပြည်သူများနှစ်သက် အားပေးခဲ့ကြသဖြင့် စျေးကွက် ရရှိလာခဲ့ပါသည်။ ဇီး/မန်ကျည်း Flake များမှ လူကြိုက်များ လှပါသည်။

         သဘာဝဒိန်ချဉ်၊ နို့မှုန့်တို့ကို လာရောက်ပြသရောင်းချကြသည့်အပြင် ဒိန်ချဉ် ထုတ်လုပ်သည့် ကွင်းဆက် တစ်လျှောက်လုံး နိုင်ငံခြားနို့စားနွားမများကို အစားကျွေးသည့်စနစ်၊ စက်ဖြင့်နို့ညှစ်သည့် စနစ်များမှအစ အဆင့်ဆင့်ကို ပြပွဲလာပြည်သူများကို ပြသထားသည့်အတွက် များစွာဗဟုသုတ ရရှိခဲ့ပြီး ထုတ်ကုန်အပေါ် ပိုမို ယုံကြည်မှု ရရှိစေခဲ့ပါသည်။

          ရှမ်းပြည်နယ်မှ Genius Organic Coffee သည် ကမ္ဘာ့အဆင့်ထိ ဈေးကွက်ရရှိပြီးသည့် လုပ်ငန်းတစ်ခုဖြစ်သော်လည်း ဖိတ်ကြားချက်ကို လက်ခံပြီး လာရောက် ပြသခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင်လည်း  ကော်ဖီကို လာရောက် စိုက်ပျိုးပြီး မကွေးထွက်ကုန် ကော်ဖီအဖြစ် ပြသရောင်းချခဲ့ပြီး၊ ချင်းဒေသမှ Hornbill Chin Coffee၊ Chin Coffee Island တို့ကလည်း လာရောက်ပြသရောင်းချခဲ့ရာ မြန်မာနိုင်ငံတွင် ဈေးနှုန်းချိုသာသော်လည်း ကျန်းမာရေးအတွက် ရေရှည်တွင်မကောင်းသည့် အဆင်သင့် ရ သည့် Instant Coffee များကို သောက်သုံးမှု များပြားနေသည့်အတွက် ယခုကဲ့သို သဘာဝကော်ဖီစစ်စစ်များကို မြည်းစမ်း သောက်သုံးပြီး လက်ခံကြိုက်နှစ်သက်ကြသည့်ပြင် ကျန်းမာရေးအတွက် ရေရှည်အကျိုးရှိ စေကြောင်း ပြည်သူများ သိရှိလာပြီး ပြည်တွင်းဈေးကွက်ပိုမိုရရှိလာသည့် အကျိုးရရှိခဲ့ပါသည်။

         ချင်းပြည်နယ်မှ စပျစ်ဝိုင်မှာလည်း အနံအရသာကောင်းမွန်ရုံသာမက ထုပ်ပိုးမှုမှာလည်း အဆင့်မြင့် သေသပ်ကောင်းမွန်ကြောင်း ပြည်သူများသိရှိလာခဲ့ပါသည်။

          သဘာဝအသီးများဖြစ်သည့် ချင်းပြည်နယ်မှ ထောပတ်သီး၊ ဝဥ၊ နနွင်း၊ ငရုပ်သီးများကိုပါ ဝေးလံသည့် နေရာအထိ လာရောက်ပြထားသည့်အတွက် တိုင်းရင်းသားတို့၏ ဒေသထွက်ကုန်များကို တန်ဖိုးထားတတ်စေ ပါသည်။

          ချင်းရိုးရာအစားအစာ ဆာဗူးသီးကို လက်တွေ့ချက်ပြုတ်ရောင်းချသည့်အတွက် မကွေးတိုင်းရှိ ဒေသ ခံများ နှစ်သက်သဘောကျပြီး ရောင်းမလောက် ဖြစ်ခဲ့ရပါသည်။ ချင်းရိုးရာအစားအစာကို ပြသနိုင်ခဲ့ပါသည်။

         လျှော်ဖြူပင်သည် မကွေးတိုင်းဒေသကြီး အတွင်း သဘာဝအလျောက် ပေါက်ရောက်သော်လည်း ဒေသတွင်း ဧက (၅၀၀၀)အထက်တွင် အပင်ရေ (၆)သိန်းခန့် စိုက်ပျိုးပြီးစီးကြောင်း သိရှိရပါသည်။ လျှော်ဖြူ ပင် စိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့မှ ပြပွဲတွင် လျှော်ဖြူပင်များကို ပြသထားပြီး အပင်ပြုပြင်ပုံ၊ အစေးထုတ် ယူပုံများကို Vinyl ဖြင့် ပြသထားပါသည်။ ပထမတန်းစား လျှောဖြူစေးသည် လက်ရှိဈေးကွက်တွင် (၁)ပိဿာ လျှင်(၁)သိန်းကျော် မျှရရှိရာမှ ယခုပြပွဲတွင် ဝယ်လက်ကို ဖိတ်ခေါ်ပြီး ရှင်းလင်းပြသခဲ့ရာ ထိုင်ဝမ်နှင့် တရုတ် ကုန်သည်များမှ (၁)ပိဿာလျှင် (၃၇၀,၀၀၀)ကျပ် ဈေးဖြင့် စိုက်ခင်းထိ လိုက်လံဝယ်ယူသွားခဲ့သဖြင့် လျှော်ဖြူ စိုက်ပျိုးသူများအတွက် များစွာ အကျိုးရှိသောပြပွဲ ဖြစ်ခဲ့ပါသည်။

          သွားရောဂါကု ဆရာဝန်တစ်ဦးမှ ဆေးကုလားမဖျော်ရည်ကို တီထွင်ထုတ်လုပ်ပြသ ရောင်းချထားရာ ဆီး၊ ကျောက်ကပ်ရောဂါအတွက် ကောင်းမွန်သည်ဟု သိရှိရပြီး လူအများလက်ခံကြိုက်နှစ်သက်ပြီး ဝယ်ယူ အားပေးကြသည်သဖြင့် ဈေးကွက် အလားအလာကောင်းများ ရရှိခဲ့ပါသည်။

         ဝတ်ဆင်ရေးကဏ္ဍနှင့်ပတ်သတ်သည့်ပြခန်းများတွင် မကွေးမြို့၊ ပခုက္ကူမြို့၊ ရန်ကုန်မြို့၊ချင်းပြည်နယ် တို့မှ အထည်ချုပ်လုပ်ငန်းများက ထုတ်ကုန်များပြသခဲ့ကြရာ အရောင်းသွက်ခဲ့ပြီး  မကွေးမြို့မှ ဟော်တယ်နှင့် တည်းခိုခန်းများ၊ Shopping Center များနှင့်ချိတ်ဆက်နိုင်ပြီး လုပ်ငန်းများ အပ်နှံကြကြောင်း သိရှိရပါသည်။ တိုင်းရင်းသား ရိုးရာအထည်များကိုလည်း တိုင်းရင်းသားများ ကိုယ်တိုင်ရောင်းချသည့်အတွက် ရိုးရာ ယဉ်ကျေးမှုများကိုပါတွေ့မြင် ခံစားနိုင်ကြပါသည်။

          ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများမှ          မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းရှိ ခရီးစဉ် များနှင့် ခရီးစဉ်များတွင် ပြသရောင်းချပြီး နိုင်ငံခြားသားများ ကြိုက်နှစ်သက်သည့် အထည်နှင့်အသုံး အဆောင်များ၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်မှုများကို ရှင်းလင်း ပြသည့်အတွက် ပြပွဲလာ ပြည်သူအများ ဗဟုသုတရရှိရုံသာမက ပြသသည့်လုပ်ငန်းများအတွက် အကျိုးရှိသည့်အပြင်  လုပ်ငန်းစတင် ထူထောင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

          ထူးခြားသည့်လုပ်ငန်းများ အနေဖြင့်နတ်မောက်မြို့မှ ဆံပင်တု လုပ်ငန်းသည် ဆံစုများ၊ ဆံပင်တုများ ထုတ်လုပ်ပြီး အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ တရုတ်၊ အာဖရိကနိုင်ငံများသို့ ဈေးကွက်ရောက်ရှိ ထားကြောင်း သိရှိရပါသည်။

          ထန်းသားများအား တန်ဖိုးမြှင့် ထုတ်လုပ်သည့် ပရိဘောဂများ၊ လူသုံးကုန်ပစ္စည်းများသည် အမျိုးအမည်စုံပြီး လှပ၍ လက်ရာမြောက်သဖြင့် လူအများကြိုက်နှစ်သက်ပြီး စိတ်ဝင်စားကြပါသည်။ ထန်းရည်မထွက်တော့သော သက်တမ်းလွန် ထန်းပင်များကိုသာ သုံးထား၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

          အေဝမ်းမီးဖိုသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အဓိကထားထုတ်လုပ်ထားပြီး လောင်စာကို ချွေတာပြီး အပူစွမ်းအားကို မြှင့်တင်ပေးနိုင်သည့်စနစ်ရှိသောကြောင့် ဒေသခံများ နှစ်သက်သော ထုတ်ကုန် ပစ္စည်းတစ်ခု ဖြစ်ပါသည်။

          စစ်ကိုင်းမြို့မှ Sliver Sky ပန်းတိမ် လုပ်ငန်းမှ နာမည်ကျော် လက်ရာမြောက်လှသော ငွေထည်/ ကြေးထည်များ ကိုပြသထားရာ မြန်မာ့ရိုးရာ ငွေပန်းတိမ်အတတ်နှင့် ကြေးခတ်ပညာ တို့ကို ကြည့်ရှုလေ့လာခွင့် ရခဲ့ပါသည်။

          အင်ကြင်းကျောက်နှင့် ပယင်းကျောက်များကို လူ့အသုံးအဆောင်နှင့် လက်ဝတ်ရတနာများအား နိုင်ငံခြားစျေးကွက်အထိ ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်ပြသရောင်းချခဲ့ရာ ဒေသခံများ အထူး နှစ်သက်ခဲ့သဖြင့် ပြည်တွင်းစျေးကွက်ကျယ်ပြန့်စေခဲ့ပါသည်။

          ထန်းလက်များဖြင့် ပြုလုပ်သည့် ထန်းလက်ကုလားထိုင်၊ စားပွဲနှင့် လူသုံးကုန်ပစ္စည်းများကို ပြသ ရောင်းချရာ ပြပွဲလာသူများ နှစ်သက်စွာ အားပေးခဲ့ကြပါသည်။

          ရွှေလက်ရာအုန်းသီးခြောက် လက်မှုအနုပညာလုပ်ငန်းမှ အုန်းသီးခြောက် အရုပ်များမှာ ပင်ကိုယ် သဘာဝ၊ ပန်းချီဓါတ်ပုံများကို ပညာရှင်၏ စိတ်ကူးစိတ်သန်းဖြင့်ပေါင်းစပ်၍ လက်ရာမြောက်စွာ အနုစိတ် ထုတ်လုပ်ထားသဖြင့် ကြည့်ရှုလေ့လာသူများ အထူးစိတ်ဝင်စားကြပါသည်။

          မြန်မာ့ရိုးရာလက်မှုပညာ အစစ်ဖြစ်သော မင်းလှမြို့မှ အိုးစည်လုပ်ငန်းကိုလည်း ပြပွဲလာသူများ စိတ်ဝင်စားကြသဖြင့် မြန်မာ့လက်မှုအနုပညာကို သိရှိပြီး ဈေးကွက်အတွက် မျှော်လင့်ချက်များစွာ ရရှိခဲ့ ပါသည်။

          ပညာရေးဝန်ဆောင်မှုနှင့် IT Product များ၊ ကွန်ပျူတာပညာရပ်ဆိုင်ရာများ၊ Telenor, Ooredoo နှင့် Sky Net တို့၏ Sim Card နှင့် Digital TV Set top box များ, CCTV ဝန်ဆောင်မှုလုပ်ငန်းများ၊ လက်လုပ်ဖိတ်စာ၊ ပြက္ခဒိန်၊ စာအုပ်၊ စာစောင်များလာရောက်ပြသ ရောင်းချကြသဖြင့် ပြပွဲလာပြည်သူများ ဗဟုသုတရရှိခြင်း၊ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူး များစွာ ရရှိခဲ့ပါသည်။

          လယ်ယာသုံးစက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများမှ လယ်ယာသုံး စက်ပစ္စည်းများ ပြသရောင်းချ သည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလည်း ပြသရောင်းချသည့်အတွက် လုပ်ငန်းရှင်များ၊ တောင်သူ လယ်သမားများ ဆက်သွယ်ဝယ်ယူနိုင်သည့်အကျိုးကျေးဇူးရရှိပါသည်။

          ဆောက်လုပ်ရေးသုံးပစ္စည်းများထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် သွင်းကုန်အစားထိုး မြေဖယောင်းမှုန့် ၊ အဆင့်မြင့်စက်အုတ်များကို ပြသရောင်းချခဲ့ရာ ပြည်သူအများ သိရှိမှု နည်းပါးသော ဒေသထွက်ကုန်တစ်ရပ်ကို သိရှိခွင့်ရသည့် အပြင် လုပ်ငန်းရှင်အနေဖြင့် စျေးကွက် ချိတ်ဆက် နိုင်သည့်အတွက် အကျိုးများခဲ့ပါသည်။

         အခြားလူသုံးကုန်ပစ္စည်းများ         ပါဝင်ပြသခဲ့ရာ ရေသန့်စက်ရုံများနှင့် စက်အမျိုးမျိုး၊ ပခုက္ကူမှ သားရေဖိနပ်နှင့် ကတ္တီပါဖိနပ်လုပ်ငန်း၊ ရေစကြိုမြို့မှ သနပ်ခါးအမွှေးတိုင်၊ မန္တလေးမြို့မှ အလှကုန်လုပ်ငန်း၊ ဖူဂျီဆပ်ပြာ၊ မကွေးမြို့တွင် ထုတ်လုပ်သော Fiber Glass စသည်ဖြင့် အမျိုးအစား စုံလင်ပါသည်။       ဆရာဘိုင်အို (ကြံခင်း)သည် သဘာဝ ရေဆိုးသန့်ဆေး၊ သဘာဝ စပါးလင် ခြင်ပြေးဆေး၊ သဘာဝခေါင်းလျော်ရည်၊ သဘာဝဆပ်ပြာ၊ သဘာဝရေမလို လက်သန့်ဆေး၊  သဘာဝ  အချိုမှုန့်အစားထိုး   စသည်တို့ကို   ထုတ်လုပ်၍ ပညာရှင်များ၊ စားသုံးသူများ၏ အကြံဉာဏ်များကို လက်ခံ၍ ပြင်ဆင် ပြောင်းလဲမှုများ ၊တီထွင်ဆန်းသစ်မှုများ ပြုလုပ်ခဲ့ရာ တပိုင်တနိုင် လုပ်ငန်းမှ အစပြု၍ ယခုအခါ ဈေးကွက်မှ လက်ခံသော ထုတ်ကုန်များကို ထုတ်လုပ် နိုင်ခဲ့ပါသည်။

          မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပျားမွေးမြူရေး၊ ပျားရည်အမျိုးမျိုး၊ လွန်စွာကြီးမားသည့် မြင်ရခဲသော ရှားပါးဆိတ်မျိုးများ၊ နွားများနှင့် နွားနောက်တို့ကို ပြသထားပါသည်။ မျှော်လင့်မထားပဲ ပြည်သူ များ စိတ်ဝင်တစား အများအပြား ကြည့်ရှု့ကြသော ပြခန်းဖြစ်ပါသည်။

          တိရစ္ဆာန်အစာ ထုတ်လုပ်ရောင်းချသူများလည်း ပြသရောင်းချကြပါရာ အသားတိုး ကြက်စာ၊ ဝက်စာ၊ ဆိတ်စာများ ဖြစ်ပါသည်။ တိရစ္ဆာန်များအတွက် လိုအပ်သော အာဟာရများကို စနစ်တကျ တွက်ချက် ထည့်သွင်း ထုတ်လုပ်ထားကြောင်း တွေ့ရှိရပါသည်။

          နိုင်ငံခြားဆေး၊မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သည့်ဆေး၊ တိုင်းရင်းဆေးများကို ပစ္စည်းစုံပြီး စျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်သည့်အတွက် ကျေနပ်နှစ်သက်အကျိုးရှိခဲ့ပါသည်။ တိုင်းရင်းဆေးဝါးများ မှာလည်း လက်တွေ့အသုံးပြုပြီး လက်တွေ့သက်သာ ပျောက်ကင်းသည်ဟု လက်ခံယုံကြည်ပြီး အားပေးသူ များပြားကြောင်း တွေ့ရှိခဲ့ရပါသည်။ ရောင်းသူ ဝယ်သူ နှစ်ဦးလုံးအကျိုးများစွာ ဖြစ်ထွန်းခဲ့ပါသည်။

          မကွေးတိုင်းဒေကြီးအတွင်း MSMEs Product ဒေသတွင်း ပြပွဲပြုလုပ်ခြင်းကြောင့် လာရောက် လေ့လာသူများကလည်း SME များ၏ ထုတ်ကုန်အရည်အသွေးများကို အကဲခတ် လေ့လာသိရှိလာခြင်း၊ အစားထိုးသုံးစွဲလာခြင်း၊ ယခင်မသိရှိရသေးသည့် ယဉ်ကျေးမှု/ သယံဇာတ/ အစားအသောက်၊ ဝတ်စား ဆင်ယင်မှုဓလေ့ထုံးစံများကို သိရှိလာကြခြင်း၊ SME များအနေဖြင့်လည်း  ပြခန်းအချင်းချင်း ဈေးကွက် သတင်းများ ဖလှယ်ခြင်း၊ စီးပွားရေးချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း၊ အပြန်အလှန် အားပေးကူညီနိုင်ခြင်း၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၏ကူညီထောက်ပံ့၊ ပံ့ပိုးမှုများရရှိခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိကြ ပါသည်။

          SME များအတွက် Regional Award ပြိုင်ပွဲတွင် လုပ်ငန်းများအား ဦးစားပေးစံနှုန်းနှင့် ဖြည့်စွက်စဉ်းစား သည့်စံနှုန်းများကို Power Point Presantation၊ Vedio Clip တို့ဖြင့် ပြသရှင်းလင်းစေပြီး အကဲဖြတ်ဒိုင်များ၏ မေးခွန်းများဖြင့် စနစ်တကျ မေးမြန်းဖြေဆိုစေခဲ့ရာ လုပ်ငန်းအားလုံးတွင် အားသာချက်၊ အားနည်းချက်များကို စိစစ်တွေ့ရှိခဲ့ရပါသည်။ စံနှုန်းများမှာ ကုန်ပစ္စည်းထုတ်လုပ်မှုတွင် သဘာဝအရင်းအမြစ် (ပြည်တွင်းကုန်ကြမ်း)ပါဝင်မှု၊ သုံးစွဲသူများ၏ လိုအပ်ချက်နှင့်ကိုက်ညီမှု၊ အသုံးဝင်မှုအခြေအနေ ၊ ထုတ်ကုန် ဆန်းသစ်တီထွင်မှုနှင့် တန်ဖိုးမြှင့်တင်နိုင်မှု၊ ရောင်းချမှု၊ စျေးကွက်အခြေအနေနှင့် အောင်မြင်မှုရလဒ်နှင့် ရှေ့အစီအစဉ်များ၊ ထုတ်ကုန်များ၏ အရည်အသွေး၊ ဒီဇိုင်း၊ အရောင်အဆင်း၊ အနံ့အရသာ၊ သန့်ရှင်းသပ်ရပ်မှု နှင့် အတိုင်းအတာများ တစ်ထပ်တည်းကျမှုနှင့် တသမတ်တည်းရှိမှု အခြေအနေ၊ ထုတ်ကုန် အရည်အသွေး၊ တံဆိပ်နှင့် ထုပ်ပိုးမှုကောင်းမွန်မှု  ၊        လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ရရှိမှုအခြေအနေ၊ စွန့်ပစ်ပစ္စည်းများအား ပြန်လည်သုံးစွဲမှုနှင့်ရလဒ်၊ ပြည်တွင်းနှင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်မည့် လက်တွေ့ ကျသော နည်းဗျူဟာ၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကဏ္ဍပါဝင်မှု၊ ထုတ်ကုန်များအား ပြည်ပ ဈေးကွက်သို့ ထိုးဖောက်နိုင်မှု (သို့) တင်ပို့နိုင်မှု အစိမ်းရောင်ပတ်ဝန်းကျင် ပါဝင်မှုရာခိုင်နှုန်းနှင့် လူမှုစီးပွား ဘဝစောင့်ရှောက်မှုနှင့် တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ စွမ်းအင်ခြိုးခြံ ချွေတာရေးအစီအစဉ် ပါဝင်မှု၊ပြည်တွင်း လုပ်သားများအား အလုပ်အကိုင်ပေးနိုင်မှု၊ သုတေသနပြုမှုစသည့် အချက်များကို အခြေခံ၍ အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းများပေါ်မူတည်၍ အမှတ်ပေးစည်းမျဉ်းများ သတ်မှတ်ထားခြင်းဖြစ်ပါသည်။

          Regional Award ရရှိသူများသည် National Award ပြိုင်ပွဲကို နေပြည်တော်တွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ဆုများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ပါဝင်သော (၉)ဦး၊စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ UMFCCI မှ အထွေထွေ အတွင်းရေးမှူး၊ စီးပွားရေးကျွမ်းကျင်သူတို့ ပါဝင်သော (၅)ဦး စုစုပေါင်း အကဲဖြတ်ဒိုင် (၁၄)ဦးဖြင့် စိစစ် အမှတ်ပေး ဆုံးဖြတ်ရွေးချယ်ခဲ့ပါသည်။

          Regional Award ယှဉ်ပြိုင်သူများအနေဖြင့် ပြပွဲ၊ ရောင်းချပွဲ၊ ပြိုင်ပွဲ အတွေ့အကြုံများကို ရယူ၍ လက်တွေ့စီးပွားရေးလုပ်ငန်းများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ ဆုရရှိသူများအနေ ဖြင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် National Award ပြိုင်ပွဲတွင် ထူးချွန်ဆုများ ရရှိနိုင်ရေးအတွက် လည်းကောင်းဆက်လက် ကြိုးစား ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

.